စပါးပင်၏ အမြစ်များကို တိုက်ခိုက်သော Meloidogyne spp နီမတုတ် ကြောင့် ရောဂါဖြစ်ပွါးသည်။
ကမ္ဘာပေါ်ရှိ စပါးစိုက်ပျိုးရာ ဒေသအားလုံးလောက်တွင် ကျရောက်ဖျက်ဆီးတတ်သော ရောဂါဖြစ်သည်။
စပါးပင်၏ အမြစ်များတွင် ချိတ်ပုံသဏ္ဍန် အဖုများကို ဖြစ်ပေါ်စေသည်။
စပါးစိုက်ပြီးကာစတွင် ရောဂါစတင်ကျရောက်ပါက ရောဂါလက္ခဏာများ အလွန်ဆိုးဝါးစွာ တွေ့မြင်ရသည်။
ရောဂါလက္ခဏာ
ရောဂါကျစပါးပင်များ၏ အမြစ်များတွင် အဖုအလုံးသဏ္ဍန်များ ဖြစ်ပေါ်နေသည်။ မြေပေါ်ပိုင်း လက္ခဏာအဖြစ် အရွက်များဝါခြင်း၊ ပင်ပွားအထွက်နည်းခြင်း၊ အပင်ပုခြင်း နှင့် မအောင်မြင်သော အနှံများထွက်ခြင်းများကို တွေ့ရသည်။
စပါး အမြစ်ပေါ်တွင် ဖြစ်ပေါ်သော အဖုများ (source: IFAS) |
မြစ်ဖုနီမတုတ် ရောဂါကျ စပါးခင်းပုံ (Source: TNAU Agritech portal) |
ရောဂါကူးစက်ဖြစ်ပွားပုံ
ရောဂါဖြစ်စေသော နီမတုတ်သည် စပါးပင်အမြစ်တွင်း နှင့် မြေကြီးထဲတွင် ကြီးထွား၊ ပွားများကြပြီး မြေကြီးမှ တဆင့်သော်၎င်း၊ အမြစ်အကြွင်းအကျန် များမှ တဆင့်သော်၎င်း တရာသီမှ တစ်ရာသီ ကူးစက်ပျံ့ပွားသည်။
ရောဂါကာကွယ်ရန်အလေ့အကျင့်ကောင်းများ
စပါးနှင့် သီးလှည့်အဖြစ် ပဲလွန်း၊ ဂုန်လျှော်၊ နေကြာနှင့် နှမ်း သီးနှံများစိုက်ပျိုးပေးပြီး သဘာဝမြေသြဇာများ၊ တမာကြိတ်ဖတ်၊ စက်ဖွဲပြာ နှင့် ပိုတက် ဓါတ်မြေသြဇာများ ထည့်သွင်းပေးရမည်။
ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းပုံ
ထောက်ခံထားသော နီမတုတ်သတ်ဆေးများကို သုံးပါ။
စပါးပျိုးပင်ငယ်များကို Carbosulfan 0.1% အရည်တွင် နှစ်ပေးခြင်းဖြင့် နီမတုတ်များ မျိုးပျံ့ပွားမှုကို လျော့ကျစေသည်။
အထိရောက်ဆုံးကာကွယ်နည်းမှာ မစိုက်ပျိုးမှီ မြေဆီလွှာအတွင်းကို Metham potassium (သို့) metham sodium (သို့) 1,3 dichloropropene (1,3-D 97) တို့ဖြင့် အဆိပ်ငွေ့မှိုင်းတိုက်ပေးခြင်း ဖြစ်သည်။