ဆားငံဒဏ်သင့်ပါက အပင်များ အသက်ရှူခြင်းနှင့် အစာချက်လုပ်ခြင်းကို ထိခိုက်စေပြီး မြေဆီလွှာမှ နိုက်တြိုဂျင်ကို မစုပ်ယူနိုင်ပါ။ မျိုးစေ့များအပင်ပေါက်နှုန်းလျော့နည်းခြင်း၊ အပင်ပုခြင်း၊ ပင်ပွားနည်းခြင်း၊ အမြစ်အားမကောင်းခြင်း၊ အနှံများမအောင်ခြင်း တို့ကို ဖြစ်ပေါ်စေသည်။
ပင်လယ်ကမ်းရိုးတန်းအနီးရှိ စိုက်ခင်းများ၊ မြေအောက်ရေ မျက်နှာပြင်တွင် ဆားငံရေပါဝင်ခြင်း၊ ကုန်းတွင်းပိုင်းရှိ ဆားဓါတ်ပေါက်သောမြေဆီလွှာများ၊ မိုးရွာသွန်းမှုထက် ရေငွေ့ပျံမှုက ပိုမိုများပြားသည့် ကုန်းတွင်းပိုင်းဒေသများ ၊ မိုးရွာသွန်းမှုနည်းသည့်အချိန်တွင် ရေသွင်းရေထုတ်ကောင်းစွာမပြုလုပ်နိုင်ခြင်း၊ စသည်တို့ကြောင့် ဆားငံဒဏ်သင့်ခြင်းဖြစ်ပေါ်စေသည်။
လက္ခဏာ
စပါးခင်းထဲတွင် ရွက်ဖျားဖြူပြီး ကွက်ကြားကွက်ကြား အပင်ပု မညီညာ အပင်ကြဲ နေတတ်သည်။
ပြုပြင်ရန်နည်းလမ်းများ
ဆားငံဒဏ်ခံနိုင်ရည်ရှိသောမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း
တောင်ယာစပါးကွက်တွင် ရေရရှိနိုင်ပြီး ရာသီဥတုအခြေအနေပေးပါက စပါး နှစ်သီးဆက် စိုက်ခြင်း
မစိုက်ပျိုးမီ ၂-၄ ပါတ်ခန့် စိုက်ကွက်ကို ရေလွှမ်းထားပြီး (ဆိုဒီယမ်ပါဝင်မှုနည်းသောရေဖြင့်)၊ ရွှေ့ပြောင်း စိုက်ပြီးနောက် ရေကို ပြတ်တောင်းပြတ်တောင်း ထုတ်ခြင်းသွင်းခြင်း ပြုလုပ်၍ ပိုလျှံနေသော ဆားဓါတ်ကို လျှော့ချပါ။
ရေလှောင်တမံပြုလုပ်ပြီး မိုးရေလှောင်ကာ နွေစပါးတွင် သွင်းရေအဖြစ်သုံးပါ။
ပင်လယ်အနီးရှိမြေကွက်များတွင် ဆားငံရေမဝင်အောင် တာတမံ ပြုလုပ်ပါ။
မြေသြဇာများကို ထိရောက်စွာ အသုံးပြုပါ။