ဆည်ရေသောက်စပါးခင်းများတွင် တွေ့ရှိရခြင်းအလွန်နည်းသော်လည်း စပါးပင်ကြီးထွားမှုအဆင့်တွင်ဖြစ်ပါက ဆိုးဝါးစွာ အထွက်နည်းစေနိုင်သည်။
ကော့ပါးချို့တဲ့လျှင် အပင်ဇီဝကမ္မဖြစ်စဥ်၊ အထူးသဖြင့် အစာချက်လုပ်ခြင်းနှင့် အသက်ရှူခြင်းကို ထိခိုက်သဖြင့် အနှံခက်များအောင်မြင်မှုနည်းကာ၊ အဆံချောင် အရည်အတွက်များစေသည်။
ကော့ပါးချို့တဲ့ရသည့် အကြောင်းများစွာရှိသည့်အနက် အချဥ်ဓါတ်ပေါက်သောမြေတွင် ထုံးအလွန်အကျွံထည့်ခြင်း၊ မြေဆီလွှာတွင်း ဇင့်ဓါတ်များလွန်းခြင်းတို့ကြောင့် အပင်က ကော့ပါးကို မစုပ်ယူနိုင်ခြင်းဖြစ်တတ်ပါသည်။
လက္ခဏာများ
ရွက်ထိပ်ဖျား၌ စိမ်းပြာရောင်စဖြစ်ပြီး၊ ရွက်လယ်ကြော ဘယ်နှင့် ညာတွင် ရောင်မညီအစင်းများ ဖြစ်ပေါ်ကာ ရွက်ထိပ်ဖျားတွင် အညိုရင့်ရောင် ရေစိုနာများဖြစ်ကာ တစ်သျှူးများသေဆုံးသည်။ ရွက်သစ်များသည် ထိပ်ဖျားမှ စတင်၍ အရွက်တဝက်ခန့်ထိ အပ်ဖျားကဲ့သို့ လိပ်ခြောက်နေကာ၊ အရွက်အောက်ပိုင်းမှာ ပုံမှန်ကြီးထွားနေသည်။
ပင်ပွားထွက်မှုနည်းပါးပြီး အနှံခက်များ မအောင်မြင်မှုများသည်။
ပြုပြင်ရန်နည်းလမ်း
ကော့ပါးဓါတ်ချို့တဲ့မှုကို ပြုပြင်နိုင်မည့် လက်တွေကျသောနည်းလမ်းကို ယ္ခုအချိန်အထိ တိတိကျကျ မဖေါ်ထုတ်နိုင်သေးပါ။ သို့ရာတွင် ဖြစ်နိုင်ပါက-
ပျိုးပင်အမြစ်များကို ၁% CuSO4 (ကော့ပါးဆာလဖိတ်) ဖျော်ရည်တွင် မစိုက်ပျိုးမှီ တစ်နာရီခန့်စိမ်ပေးခြင်း
အချဥ်ပေါက်သော မြေများတွင် ထုံးအလွန်အကျွံထည့်ခြင်းကို ရှောင်ကျဥ်ခြင်း ( ကော့ပါးစုပ်ယူမှုကို ဟန့်တားနိုင်သောကြောင့် )
ကော့ပါးဓါတ်ပါဝင်မှုနည်းသောမြေကွက်တွင် ကော့ပါးအောက်ဆိုဒ် (CuO) သို့မဟုတ် ကော့ပါးဆာလဖိတ် (CuSO4) ကို တစ်ဟက်တာလျှင် ၅-၁၀ Kg နှုန်း ဖြင့် ၅ နှစ်ခြား တကြိမ် ၊ ကြဲပက်ပေးကာ မြေသားနှင့် သမအောင် ရောနှောပေးခြင်းဖြင့် ရေရှည်အတွက် ကော့ပါး ပါဝင်မှု ကောင်းစေပါသည်။