logo

ဆာလဖာဓါတ်ချို့တဲ့ခြင်း (S)

ဆာလဖာဓါတ်ချို့တဲ့ခြင်း (S)

ဆာလဖာ ချို့တဲ့လျှင်အရွက်များ၏ အစိမ်းရောင် chlorophyll ထုတ်လုပ်မှုနှင့် ပရိုတင်းဖြစ်ပေါ်မှုကိုထိခိုက်သဖြင့် အပင်ပုံပျက်ခြင်းနှင့် အစာချက်လုပ်ငန်းစဥ်များ ပျက်စီးစေသည်။ ကြီးထွားမှု နှင့် ရင့်မှည့်မှုနောက်ကျသည်။ ပင်ပိုင်းကြီးထွားသည့်အဆင့်တွင် ချို့တဲ့ပါက အထွက်နှုန်းများစွာထိခိုက်သည်။

ဆာလဖာဓါတ်ချို့တဲ့မှုမှာ ရေသွင်းစပါးတွင်တွေ့ရမှုနည်းပါးသည်။ ကြမ်းတမ်းသည့် ရေ၊လေတိုက်စားခံရမှု များကာ သံဓါတ်-iron oxide (Fe) များလွန်းသောမြေကွက်များ၊ အော်ဂဲနစ်ပစ္စည်းများပါဝင်မှုနည်းပါးလွန်းသောစိုက်ကွက်များ၊ သဲဆန်လွန်းသောစိုက်ကွက်များတွင် ဖြစ်လေ့ရှိသည်။ 

လက္ခဏာများ

မျက်မြင်အရတွင် နိုက်တြိုဂျင်ချို့တဲ့မှုနှင့် တူညီသည်ဟု ထင်ရသည်။ရွက်ဖုံးပေါ်တွင် ရောင်မညီကွက်များ ဖြစ်ပေါ်ရာမှ အဝါရောင်သန်းလာပြီး ရွက်ဖျားပိုင်းသို့ တိုးချဲ့ဖြစ်ပေါ်လာသည်။ ပင်ပွားအဆင့်တွင် စပါးပင်တပင်လုံး အရောင်မညီမှုများ ဖြစ်ပေါ်သည်။အပင်ပုပြီး ပင်ပွားနည်းသည်။ နှံစတို၍ အနှံခက်များပေါ်၌ ရင့်မှည့်ချိန်တွင် အစေ့များ လျှော့နည်းသည်။

ပြုပြင်ရန်နည်းလမ်း

ဆာလဖာ ဓါတ်ချို့တဲ့မှုကို ပြုပြင်နိုင်မည့် လက်တွေ့ကျသောနည်းလမ်းကို ယ္ခုအချိန်အထိ တိတိကျကျ မဖေါ်ထုတ်နိုင်သေးပါ။ သို့ရာတွင် ဖြစ်နိုင်ပါက-

ပျိုးထောင်ထားသော စပါးပျိုးဘောင်များတွင် ဆာလဖာ ပါဝင်သော မြေသြဇာ ထည့်သွင်းပေးပါ

စိုက်ခင်း မြေပြင်စဥ် ကောက်ရိုးများကို အားလုံးဖယ်ရှား၊ မီးရှို့မည့်အစား ၊ ချန်လှပ်ပြီး ထယ်ထိုးမြေမြှုပ်ပေးပါ

စပါးပင်သည် မြေတွင်းမှ ဆာလဖာကို စုပ်ယူစားသုံးမှု ပိုမိုကောင်းမွန်လာစေရန် အတွက် စပါးရိတ်သိမ်းပြီးပါက အခြောက်ထယ်ရေးပြင်ပေးပါ။