logo

ပိုတက်စီယမ်ဓါတ်ချို့တဲ့ခြင်း (K)

ပိုတက်စီယမ်ဓါတ်ချို့တဲ့ခြင်း (K)

စပါးတွင် K ဓါတ်ချို့တဲ့လျှင် အစာချက်လုပ်မှုနှောင့်နှေးစေ၍ အပင်ကြီးထွားမှုကို ထိခိုက်စေသည်။ ထို့ကြောင့် K ဓါတ်ချို့တဲ့မှုသည် စပါးပင်သက်တမ်းတလျှောက် ကြီးထွားမှုအဆင့်တိုင်းအတွက် အလွန်အရေးပါသည်။

အောက်ပါအခြအနေများတွင် K ချို့တဲ့မှုအဖြစ်များသည်-

N မြေသြဇာအလွန်အကျွံသုံးခြင်း (သို့) N နှင့် P သာ ကျွေးပြီး K ဓါတ်လုံလောက်အောင်မထည့်ပေးခြင်း၊

တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းတွင် အပင်ကြီးထွားသည့်အဆင့် အစောပိုင်း၌ အပင်ဦးရေများပြီး အမြစ်များ တိုနေသေးသည့်အချိန်

စပါးမျိုး တခုနှင့် တခု K ဓါတ် ချို့တဲ့မှုကို ခံနိုင်ရည်ရှိမှုကွာခြားခြင်း 

လက္ခဏာ

စပါးပင်မကြီးထွားဘဲ ပင်ပွားအနည်းငယ် လျော့နည်းသည်။ အရွက်များငိုက်ကျပြီး အစိမ်းပုတ်ရောင် အရွက်များတွေ့ရှိရသည်။ အောက် အရွက်ရင့်များတွင် ထိပ်ဖျားမှစ၍ ရွက်လယ်ကြောတလျှောက် အဝါရောင်များဖြစ်ခါ နောက်ဆုံး၌ ခြောက်၍ အညိုဖျော့ရောင် ပြောင်းသွားသည်။ အစိမ်းရင့်ရောင် အရွက်ပေါ်တွင် အညိုရောင် အစက်အပျောက်များ တခါတရံ တွေ့ရှိရသည်။ စပါးနှံပေါ်တွင် ပုံမမှန် တစ်သျုးသေရာမှဖြစ်သော အရွက်များဖြစ်ပေါ်၍ ၊ အနှံသေး၊ ရှည်ဖြစ်နေသည်။ တစ်ခါတရံ ပိုတက်စီယမ် နှင့် နိုက်တြိုဂျင် အချိုးအစားမညီခြင်း (K များပြီး N နည်း) ပါက အပင်များညှိုးသေသည်။

ပြုပြင်ရန်နည်းလမ်း

မိမိ ဒေသတွင်ရှိသည့် ပိုတက်စီယမ် ဓါတ်ရရှိနိုင်သော အရင်းအမြစ်များကို စီစစ်၍ ခန့်မှန်းပါ

အမြစ်များသန်မာပြီး ပိုတက်စီယမ်စုပ်ယူမှုအားကောင်းစေရန်  ထယ်ရေးနက်အောင် ဆောင်ရွက်ပါ

မိမိဒေသ နှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သင့်တော်သော အပင်ဦးရေသာစိုက်ပျိုးကာ ၊ ရေသွင်းရေထုတ် စံနစ်တကျပြုလုပ်ပါ။

ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ပေးပါ။ အကယ်၍ ရိုးပြတ်များကို မီးရှို့ခြင်းကိုသာ လုပ်ဆောင်နိုင်မည့် အခြေအနေဖြစ်ပါက တနေရာထည်းတွင် မရှို့ဘဲ တကွက်လုံးအနှံ့ ဖြန့်ပုံပေးပြီးမှ မီးရှို့ပေးခြင်းဖြင့် ပြာများကို အညီအမျှရအောင် လုပ်ပေးပါ၊

N နှင့် P ဓါတ်မြေသြဇာများ နှင့် အတူ အနည်းလို အာဟာရဓါတ်များပါ မချို့တဲ့စေရန်ထဲ့သွင်းပါ။ K ဓါတ်မြေသြဇာ၊ သစ်ဆွေးမြေသြဇာများ (သို့) အခြားပစ္စည်းများဖြစ်သည့် ( စပါးခွံ၊ ဖွဲပြာ၊ မြေဆွေး) များကိုပါ ထည့်သွင်း၍ ရိတ်သိမ်းသီးနှံ နှင့်အတူဆုံးရှုံးသွားသော K ဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါ။