ကြီးထွားမှုအဆင့်- အပင်ပေါက်ကာလ
ပျိုးခင်းကို မြေဆီဩဇာထက်သန်သော နေရာတွင် ပြုလုပ်ပါ။
စိုက်ခင်းတစ်ဧကအတွက် အကျယ် ၃ ပေ၊ အလျား ၁၅၀ ပေ၊ အမြင့် ၄ လက်မ ပျိုးဘောင် ၁ ဘောင် လိုအပ်သည်။
သစ်ဆွေး၊ နွားချေးဆွေး၊ စက်ဖွဲပြာများကို တတ်နိုင်သမျှ ထည့်သွင်းပေးပါ။ ပျိုး ၁ ဘောင်တွင် မြေခံအဖြစ် တီစူပါ (၆)ပြည်၊ ပိုတက်ရှ် (၃) ပြည်ထည့်ပါ။
အရွယ်အစားညီညာသော ပျိုးပင်များရရှိစေရေးအတွက် ပျိုးခင်းမျက်နှာပြင် ညီညာအောင် ဆောင်ရွက်ပါ။
သမန်းပျော်၍ ဘောင်ပျက်ခြင်းမှ ကာကွယ်နိုင်ရန် ဘောင်များကြားတွင် ရေမြောင်းများဖြစ်အောင် စနစ်တကျပြုလုပ်ခြင်းဖြင့် ရေသွင်းရေထုတ်လွယ်ကူပြီး ပျိုးခင်းစီမံရာတွင် အဆင်ပြေသည်။
ဆားရည်စိမ်၍ မျိုးညှောက်ဖောက်ထားပြီး စာပါးစပ်ပြူနေသော မျိုးစေ့များကို ပျိုးဘောင်ပါ်တွင် ညီညီညာညာ ကြဲပက်ပါ။ မျိုးစေ့ကြဲပက်ရာတွင် ၃ပုံ၂ပုံခန့် ခပ်ပါးပါးဖြူး၍ ကျန်မျိုးစေ့များကို ပါးသည့်နေရာတွင် ထပ်မံဖြူးချပါ။ (ပျိုးဘောင် ၃ ပေ ပတ်လည်လျှင် စာပါးစပ်ပြူမျိုးစေ့ နို့ဆီဗူး တစ်ဗူးနှုန်း)
မိုးရေနှင့် စာကလေးတို့ကြောင့် မျိုးစေ့များနေရာရွေ့ခြင်း/ပျောက်ခြင်းမှ ကင်းဝေးရန် ကောင်းစွာလောင်ကျွမ်းပြီး စက်ဖွဲပြာ အုပ်ပေးပါ။ (စက်ဖွဲပြာတွင် မျိုးကွဲစပါးစေ့များ ရောနှောခြင်းမရှိအောင် ဂရုစိုက်ပါ)