စပါး ၁ ဧက လျှင်- ပုလဲ (ယူရီးယား) ၅၀ Kg အိတ်ကြီး ၁ အိတ်၊ တီစူပါ အိတ်ဝက်နှုန်း ( ၂၅ Kg) နှင့် ပိုတက်ရှ် ဓာတ်မြေသြဇာ အိတ်ဝက် ( ၂၅ Kg) နှုန်း တို့ကို စပါးပင်ကြီးထွားမှု အဆင့်ကိုလိုက်၍ လိုအပ်သည့် အချိန်တွင် စနစ်တကျ ကျွေးရန် လိုသည်။
ပုလဲ ဓာတ်မြေသြဇာ (ကြီးထွားမှုအဆင့်- အပင်ပေါက်ကာလနှင့် ပင်ပိုင်းကြီးထွားမှုကာလ)
ပုလဲ ဓာတ်မြေသြဇာ ၅၀ ကီလို ၁ အိတ်ကို ၃ ကြိမ်ခွဲ၍
ပထမအကြိမ်- (အပင်ပေါက်ကာလ)
ပျိုးထောင်စိုက်ပါက ကောက်ပင်လှန်ချိန်တွင် အိတ်၏ ၃ ပုံ ၁ ပုံ (သို့) ၁၇ Kg ခန့်ကိုလည်းကောင်း (မျိုးစေ့တိုက်ရိုက်ချစပါးမှာ အရွက် ၅ ရွက်ထွက်ချိန်)
ဒုတိယအကြိမ်- (ပင်ပိုင်းကြီးထွားမှုကာလ)
အလံရွက်စထွက်ချိန်တွင် - နောက်ထပ် ၃ ပုံ ၁ ပုံ ( ၁၇ Kg) ခန့်ကိုလည်းကောင်း
တတိယအကြိမ်- (ပင်ပိုင်းကြီးထွားမှုကာလ)
အနှံမထွက်မီ ၅ ရက်အလို- နောက်ဆုံး ၃ ပုံ ၁ ပုံ ( ၁၇ kg) ကိုလည်းကောင်း ၃ ကြိမ်ခွဲ၍ ကျွေးရမည်။
သဘာဝမြေသြဇာ အလုံအလောက်ထည့်ထားပြီး သမန်းပုပ်၊ ညက်ထားပါက ပုလဲကို မြေခံအဖြစ်လုံးဝ မထည့်သင့်ပါ။
တီစူပါ ဓာတ်မြေသြဇာ (ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ)
တီစူပါ ဓာတ်မြေသြဇာသည် စပါးပင်အမြစ်များသန်စွမ်းပြီး ပင်ပွားများစေသည်။ အစေ့အဆန်ပြည့်ဖြိုးပြီး အလေးချိန်စီးစေသည်။
တီစူပါ ၁ ဧက လျှင် အိတ်ဝက်နှုန်း ( ၂၅ Kg) ကို နောက်ဆုံးသမန်းပြင်ချိန်တွင် ညီညီညာညာ ကြဲပက်ပေးပါ။ တစ်ကြိမ်သာ ထည့်ပေးပါက လုံလောက်ပါသည်။
ပိုတက် ဓာတ်မြေသြဇာ (ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလနှင့် ပင်ပိုင်းကြီးထွားမှုကာလ)
ပိုတက်ဓာတ်မြေသြဇာသည် စပါးပင် ကြံ့ခိုင်မာကြောတောင့်တင်းစေသည်။ ပိုးမွှားရောဂါဒဏ်ခံနိုင်သည်။ ပင်ပွားများပြီး၊ အနှံခက် နှင့် အစေ့များ ကြွေကျဆုံးရှုံးမှုနည်းစေသည်။
ပိုတက် ၁ ဧက လျှင် အိတ်ဝက်နှုန်း ( ၂၅ Kg) ကို
ပထမအကြိမ် (ပြင်ဆင်ချိန်ကာလ) -နောက်ဆုံးသမန်းပြင်ချိန်တွင် ၁၂.၅ Kg ခန့်
ဒုတိယအကြိမ် (ပင်ပိုင်းကြီးထွားကာလ) - အနှံလောင်းဖြစ်စအချိန် - ကျန်တဝက် - ၁၂.၅ Kg နှစ်ကြိမ်ခွဲ၍ ထည့်ပေးရန်လိုသည်။
အနှံလောင်းဖြစ်စအချိန်သည် စပါးသက်တမ်းကိုလိုက်၍ ကွာခြားသည်။
သက်တမ်း ၁၁၀-၁၁၅ ရက် စပါးမျိုးများတွင် - မျိုးစေ့ချအပြီး ၅၀ ရက်
သက်တမ်း ၁၃၀-၁၃၅ ရက် စပါးမျိုး များတွင် - မျိုးစေ့ချပြီး ၇၀ ရက်
သက်တမ်း ၁၄၀-၁၄၅ ရက် စပါးမျိုး များတွင် - မျိုးစေ့ချပြီး ၈၅ ရက် တွင် စတင်လေ့ရှိသည်။