ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ
စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်းကောင်းသော၊ ဒေသနှင့် ကိုက်ညီသော၊ ရောဂါပိုးမွှားနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိသော စပါးမျိုးကောင်း မျိုးသန့်များကို ရွေးချယ် စိုက်ပျိုးရန်လိုသည်။
မြန်မာနိုင်ငံတွင် ရှိသော စပါးမျိုးကွဲပေါင်း ၂၀၀၀ ကျော်ရှိသည်ဟု နိုင်ငံတကာ ဆန်စပါးသုတေသန ဌာနကြီး၏ စာရင်းများအရ သိရသည်။
မျိုးစေ့နှုန်းထားသက်သာသည်။
အပင်ပေါက်နှုန်းကောင်းသဖြင့် ကျင်းပျောက်ပင်ပျောက် ဖာထေးရသက်သာသည်။
အပင် သန်စွမ်း ညီညာပြီး အထွက်ကောင်းခြင်း စသည့် အကျိုးကျေးဇူးများစွာ ရှိပါသည်။
မျိုးကောင်းမျိုးသန့်ကို မျက်မြင်ဖြင့် ရွေးချယ်ရန် မလွယ်ကူပါ။ ယုံကြည်စိတ်ချရသော အရင်းအမြစ်မှ ရောဂါ နှင့် ပိုးမွှားကင်းစင်သော၊ အပင်ပေါက်နှုန်း အာမခံချက်ရှိပြီး၊ အရောအနှောကင်းသည့် မျိုးစေ့များကို သေချာရွေးချယ်ဝယ်ယူပါ။
မျိုးစေ့ဆားရည်စိမ်ခြင်း နည်းလမ်းဖြင့် အောင်မြင်ပြည့်ဖြိုးသော စပါးစေ့များနှင့် မအောင်သောစပါးစေ့များကို ခွဲခြားပေးပြီး၊ မျိုးစေ့တွင်း ခိုအောင်း နေလေ့ရှိသော နီမတုတ်ပိုး များကိုထက်ဝက်ခန့်နှိမ်နင်းပြီး ဖြစ်သည်။
ဆားပျော်ရည်ပြင်းအား (၁.၀၈) ရရန် ရေ၁၀ လီတာ (သို့) ၂.၂ ဂါလံ နှင့် အိမ်သုံးဆား ၁ ပိဿာရောစပ်ရမည်။
မျိုးစပါး ၁ တင်း စိမ်ရန်အတွက် ရေ ၈ ဂါလံတွင် ဆား ၄ ပိဿာ ဖြင့်ဖျော်နိုင်သည်။
ရေပမာဏတိုးတိုင်း ဆားပမာဏကို အချိုးကျတိုးပါ။
ဆားဖျော်ရည်တွင် လတ်ဆက်သောကြက်ဥ အစိမ်းတစ်လုံးကိုထည့်လိုက်ပါက ဒေါင်လိုက်အနေအထားဖြင့် ၄ ပုံ ၁ ပုံခန့်ပေါ်နေလျှင် ဆားရည်အနေတော်ဖြစ်သည်။
ဆားရည်တွင် မျိုးစပါးကိုထည့်ပြီး ၅ မိနစ်ခန့်မွှေပေးပါ။ ရေပေါ်တွင် ပေါ်လာသော အဖျင်း၊ အမှော်၊ လုံးပိန်လုံးညှပ်နှင့် ပေါင်းစေ့များကို ဇကာဖြင့်ဖယ်ရှားပါ။
အနယ်ထိုင်နေသော အောင်မြင်သည့် စပါးစေ့များကိုဆယ်ယူပြီး ဆားဓာတ်ကုန်သည်အထိ ရေဖြင့် ၃ ကြိမ်ခန့်ဆေးပါ။
အညှောက်ဖောက်ထားသောမျိုးစေ့များသည် အမြန်ဆုံးအပင်ပေါက်နိုင်သဖြင့် ပျိုးခင်း/စိုက်ခင်းတွင် ကြွက်၊ ငှက် နှင့် အင်းဆက်ပိုးမွှားများ ဖျက်ဆီးမည့် အခွင့်အရေးနည်းသွားသည်။
ဆားရည်စိမ်၊ ဆေးကြောထားပြီးမျိုးစေ့များကို ရေသန့်တွင် ၂၄ နာရီ ထပ်မံစိမ်ပါ။ ၆ နာရီတစ်ကြိမ် ရေသန့်လဲပေးပါ။
၂၄ နာရီပြည့်လျှင် မျိုးစေ့များကို ရေသန့်ဖြင့် ၂-၃ ကြိမ်ထပ်ဆေးကာ ၊ ရေစစ်ထားပါ
ရေစစ်ပြီး စပါးစေ့များကို သမံသလင်း (သို့) ဝါးကြမ်းခင်း (သို့) ကွပ်ပျစ် ပေါ်တွင် ဂုံနီအိတ် (သို့) ငှက်ပျောဖက် ခင်း၍ မျိုးစေ့အထူ ၄-၆ လက္မခန့်ဖြန့်ပြီး စိုစွတ်နေသည့် ဂုံနီအိတ်/ အဝတ်စများဖြင့် လုံအောင် ဖုံးအုပ်ထားပါ။
၁၂ နာရီတကြိမ် အထက်အောက်လှန်မွှေပေး၍ မွှေနေစဥ် ရေဖျန်းပေးပါ။
၂၄-၃၆ နာရီအကြာ မျိုးစေ့များစာပါးစပ် ပြူလာချိန်တွင် ပျိုးထောင်ရန်သင့်တော်သော အနေအထားရပြီဖြစ်သည်။