အာဟာရ မလုံလောက်ပါက ရောဂါဖြစ်ပွားလျှင် ခံနိုင်ရည်မရှိဘဲ သေဆုံးမှုများ နိုင်သည်။
ကြက်စာများတွင် သဘာဝအစာ (ဆန်ကွဲ၊ ပြောင်း၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ငါးခြောက်မှုန့်၊ ခရုခွံ၊ ပုစွန်ဖွဲ၊ ဗီတာမင်ဖြည့်စွက်စာ)နှင့်
အစာစိမ်းများ (ရေမှော်၊ ကန်စွန်းရွက်၊ ဗေဒါ၊ ငှက်ပျောပင်၊ ဘောစကိုင်း၊ ပင်စိမ်း) စသည်တို့ရှိသည်။
ယခုနောက်ပိုင်းတွင်း အဇိုလာရေညှိ၊ အစ္စရေးမြက်ချိုနှင့် နေဗီယာမြက် များကို ကျွေးလာကြသည်။
ကြက်များ ကျန်းမာသန်စွမ်းစေရန်နှင့် အသားနှင့် ဥ ထုတ်လုပ်နိုင်မှု ကောင်းမွန်စေရန် ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ် စသည့် အာဟာရဓာတ် (၆) မျိုးကို မျှတစွာကျွေးရမည်။
ကြက်စာစပ်သည့်အခါ ကစီဓာတ် ရာခိုင်နှုန်းအများဆုံး ပါဝင်ရမည်။ ဆန်ကွဲ၊ ပြောင်း၊ ဂျုံ တို့တွင် ကစီဓာတ် အများဆုံးပါဝင် သည်။ ကစီဓာတ်မှာ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် စွမ်းအင်ဖြစ်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသည်။
အဆီဓာတ်သည် ခန္ဓာကိုယ်၏ စွမ်းအင်ကို ဖြည့်ဆည်းပေးပြီး ကြက်ဥအနှစ်ထဲတွင် အဆီဓာတ်ပါဝင်နေသည့်အတွက် ဥ ဥနေသော ကြက်မသည် သာမန်ကြက်မထက် အဆီဓာတ် ပိုမိုလိုအပ်သည်။ အဆီဓာတ်ကို ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုတ်ဖတ်နှင့် အုန်းဖတ်များမှ ရရှိနိုင်သည်။
ကြက်များ၏ ကျန်းမာရေးနှင့် ကြီးထွားမှုအတွက် အသားဓာတ်လိုအပ်သည်။ ကြက်များ၏ အသား၊ အမွှေးအတောင်၊ သွေးနှင့် ဥ အကာများကို အသားဓာတ်ဖြင့် တည်ဆောက်ထားသည်။ အသားဓာတ်ကို ငါးခြောက်မှုန့်၊ ပုစွန်ဖွဲများမှ ရရှိသည်။
ဗီတာမင်ဓာတ်ကို အာဟာရဓာတ်အတွက် အနည်းငယ်မျှ လိုအပ်သော်လည်း ဗီတာမင်လိုအပ်ချက်မှာ ကျန်းမာသန်စွမ်းမှု၊ ကြီးထွားမှု၊ ကြက်ဥနှုန်းနှင့် ကြက်ဥများ၏ မျိုးအောင်ရန် အလွန်အရေးပါသော ဓာတ်ဖြစ်သည်။ ဗီတာမင်ဓာတ်ကို အသီး အရွက်မျိုးစုံမှ ရယူနိုင်သည်။
ကြက်များကြီးထွားချိန်တွင် အရိုးတည်ဆောက်မှုနှင့် ကြီးထွားမှုအတွက်သော်လည်းကောင်း၊ ကြက်ဥ ထုတ်လုပ်ရန်အတွက် သော်လည်းကောင်း၊ ကြွက်သားများ သန်စွမ်းမှုအတွက်သော်လည်းကောင်း သတ္တုဓာတ်တစ်ခုခုချို့တဲ့ခဲ့လျှင် ၎င်းနှင့်ဆက် နွယ်သည့် ရောဂါများ ဖြစ်ပေါ်နိုင်သည်။ ဥပမာ - ထုံးဓာတ်နှင့် ဖော့စဖောရပ်စ်ဓာတ် ချို့တဲ့လျှင် အရိုးပျော့ရောဂါ ဖြစ်မည်။
အစာအာဟာရလိုအပ်ချိန်များတွင် ရေဓာတ်သည် အစာခြေဖျက်မှုနှင့် ခြေဖျက်ပြီးသော အစာအာဟာရဓာတ်များကို ခန္ဓာကိုယ်အတွင်းသို့ ပို့ဆောင်သည့် အရေးပါသော ဓာတ်ဖြစ်သည်။ သန့်ရှင်းသော အေးအေးကို ကြက်များအတွက် တစ်နေ့ တာလုံး ထားပေးရမည်။ သောက်ရေခွက်ကို အရိပ်ထဲတွင် ထားပေးရမည်။
ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်တို့ကို ဒန့်သလွန်ရွက်မှ အလွယ်တကူ ရရှိနိုင်သည်။ ဒန့်သလွန်ရွက်ကို နေရိပ်ထဲတွင် ၂-၃ ရက်ခန့် လေသလပ်အခြောက်ခံကာ ရေဓာတ်ပါဝင်မှုကျဆင်းပြီး အရွက်၏ မူလအစိမ်းရောင်အတိုင်းရှိနေစဉ် လေအလုံပိတ် ၍ လှောင်ထားပြီး ကြက်စာ ၁ ပိဿာလျှင် ဒန့်သလွန်ရွက် နို့ဆီဗူး တစ်ဗူး ရောစပ်ကျွေးနိုင်သည်။